နေရင်းထိုင်ရင်း အနံ့ပျောက်နေရတာ ဘာကြောင့်များလဲ
ကိုဗစ် Delta Wave တွေ ဖြစ်တုန်းက တော်တော်များများ အနံ့ပျောက်ဖူးကြတယ် မဟုတ်လား။ အနံ့ပျောက်သွားတာဟာ အတော်လည်း ခံရခက်တဲ့ ဝေဒနာတစ်ခုပါ။ ကိုဗစ်ဖြစ်မှပဲ အနံ့ပျောက်တာလား၊ တခြားရော ဘာတွေကြောင့် အနံ့ပျောက်တတ်လဲ၊ အနံ့ဘယ်လို ပျောက်သွားတာလဲ စတာတွေကို သိထားသင့်တယ် ထင်လို့ ပြောပြမယ်နော်။
ပုံမှန်အားဖြင့် အနံ့ရှိတဲ့ အရာတစ်ခုခုကနေ ထုတ်လွှတ်လိုက်တဲ့ မော်လီကျူးတွေ (ဥပမာ…ပန်းပွင်းက ထုတ်လွှတ်လိုက်တဲ့ အနံ့) က နှာခေါင်းအတွင်းမှာအများအပြားရှိနေတဲ့ olfactory nerves လို့ခေါ်တဲ့ အနံ့ခံတဲ့ အာရုံကြောဆဲလ်လေးတွေကို နှိုးဆွလိုက်တဲ့အခါ အဲဒီဆဲလ်လေးတွေက ဦးနှောက်ကို အချက်ပေးစနစ်နဲ့ အကြောင်းကြားလိုက်ပြီး ဘာအနံ့ဆိုတာ သိရတာပါ။ ဒီလုပ်ငန်းစဥ်ကို နှောက်ယှက်တဲ့ အကြောင်းအရာတစ်ခုခု ရှိတဲ့အခါ အနံ့ပျောက်တာ ဖြစ်လာပါတယ်။
ဘာတွေကြောင့် အနံ့ပျောက်နိုင်သလဲ?
- ကိုဗစ်ရောဂါဖြစ်တာ
- အအေးမိတုပ်ကွေးဖြစ်တာ
- နှာခေါင်းပိတ်တာ
- ထိပ်ကပ်နာဖြစ်တာ
- ဓာတ်မတည့်တာ
- နှာခေါင်းထဲမှာ အသားပိုဖြစ်တာ
- နှာခေါင်းကို ထိခိုက်ဒဏ်ရာရတာ
- ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာ
- တချို့သော ပိုးသတ်ဆေး၊ အရောင်ကျဆေး၊ စိတ်ကျရောဂါပျောက်ဆေးနဲ့ နှလုံးဆေးတွေ သောက်လို့ဖြစ်တာ
- တချို့သော ရောဂါတွေကြောင့် ဖြစ်တာ (အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆွန်အကြောသေရောဂါ၊ အာဟာရချို့တဲ့သည့်ရောဂါနဲ့ ဟော်မုန်းမညီမျှမှု စသည်)
- ဦးခေါင်းနဲ့ လည်ပင်းတဝိုက်ကို ဓာတ်ရောင်ခြည်ကင်တာတွေနဲ့
- အသက်ကြီးလို့ အာရုံကြောဆဲလ်တွေ ပျက်စီးတာကြောင့် အနံ့ပျောက်နိုင်ပါတယ်။
အနံ့ပျောက်တယ်ဆိုရာမှာ Olfactory အာရုံကြောဆဲလ်တွေ ထိခိုက်ထားလို့ လုံးဝအနံ့မရတော့တာ၊ အနံ့ရသေးပေမယ့် ပုံမှန်ထက်လျော့တာ၊ မရှိတဲ့အနံ့တွေ ရနေတာ (ဥပမာ…မီးခိုးနံ့ကြီး တောက်လျှောက်ရနေတာ၊ ဆပ်ပြာနံ့ကြီး ရနေတာ) အားလုံး ပါဝင်ပါတယ်။
ဘယ်လို ကုသမလဲ?
များသောအားဖြင့် ရက်သတ္တပတ် အနည်းငယ် သို့မဟုတ် လအနည်းငယ် ကြာတဲ့အခါ အနံ့ပြန်ရနိုင်ပါတယ်။
- စတီးရှိုက်ပါတဲ့ နှာခေါင်းတွင်းဖျန်းဆေးတွေပေးတာ၊ saline နဲ့ နှာခေါင်းကို ဆေးတာတွေက အသက်ရှူလမ်းကြောင်းကို ပွင့်စေနိုင်ပါတယ်။ Burmeton နဲ့ cetrine လို ဆေးတွေကို နှာစေးသက်သာအောင် သောက်လို့ရပါတယ်။
- အသားပိုကြောင့် ဖြစ်တာဆိုရင်တော့ ခွဲစိတ်ဖယ်ရှားသင့်ပါတယ်။
- အသက်ကြီးလို့ အာရုံကြောဆဲလ်တွေ ပျက်စီးတာ ဆိုရင်တော့ ကုသပျောက်ကင်းဖို့ ခက်ခဲပါလိမ့်မယ်။
အနံ့ပျောက်တာဟာ နေရထိုင်ရခက်စေတဲ့ ရောဂါလက္ခဏာ တစ်ခုပါ။ အများအားဖြင့်တော့ ယာယီသာ ဖြစ်တတ်တာမို့ အနံ့ပျောက်ခဲ့ရင် ကိုယ်ခံအားကောင်းအောင်နေဖို့နဲ့ အာဟာရဖြစ်အောင် စားသောက်ဖို့က အရေးကြီးဆုံးပါပဲနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်